Quantcast
Channel: DVB
Viewing all articles
Browse latest Browse all 36043

မော်တော်ကားတင်သွင်းခွင့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းချက်

$
0
0

မော်တော်ကားတင်သွင်းခွင့်နဲ့ ကားအရောင်းပြခန်းဖွင့်လှစ်ခွင့်ပြုထားတဲ့ ကုမ္ပဏီ ၁၂၀ လောက်ရှိပြီး ဒီထဲက ကုမ္ပဏီ ၃ ခုလောက်ဟာ သတ်မှတ်ထားတဲ့ ကားမော်ဒယ်ထက်နိမ့်တဲ့ကားတွေ တင်သွင်းနေတာ စစ်ဆေးတွေ့ရှိရလို့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဖို့ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ မြန်မာပြည်ထဲ ဘယ်လိုကားမျိုးတွေ ဘယ်မော်ဒယ်နဲ့ တင်သွင်းခွင့်ပြုထားသလဲ၊ ကားတင်သွင်းခွင့်တွေ ဘယ်လိုခွင့်ပြုပေးထားသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အဓိက တာဝန်ယူလုပ်ဆောင်နေတဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ၀န်ကြီးရုံးညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကားကုမ္ပဏီတွေ မမှန်မကန်လုပ်လို့ စီးပွားကူးသန်းကအရေးယူမယ်ဆိုတာ။

“ကားတွေကို စတင်ခွင့်ပြုထားကတည်းက consignment (အပ်ကုန်) စနစ် နဲ့ ခွင့်ပြုတာပါ။ consignment စနစ်ရဲ့ သဘောအရ  အခွန်ပေးစရာမလိုဘဲ သွင်းလာတယ်။ ရောင်းချပြီးမှသာ အခွန်ပြန်ဆောင်သလို ကားတန်ဖိုးကိုလည်း သက်ဆိုင်ရာ ပြည်ပနိုင်ငံကို လွှဲရတဲ့စနစ်ဖြစ်တယ်။ အဲတော့ ကားကုမ္ပဏီတွေအနေနဲ့ လုပ်သာကိုင်သာရှိအောင် ကျနော်တို့က နေ့စဉ်ရောင်းရတဲ့ ကားငွေကို ဘဏ်ကိုသွားပို့တဲ့စနစ်မလုပ်ဘဲ ၃ ပတ်ကနေ ၁ လအထိ အချိန်ပေးပါတယ်။ ၃ ပတ်ကနေ ၁ လအထိ ရောင်းရတဲ့ကား ၁၀ စီးလား၊ အစီး ၁၀၀ လား။ အဲကျမှ တကြိမ်ထဲနဲ့ ငွေသွားသွင်းဆိုတဲ့ စနစ်အထိတောင် ကျနော်တို့ဘက်က ခွင့်ပြုပေးထားတယ်။ ဒါပေမယ့် တချို့ကားကုမ္ပဏီတွေက ကားအစီး ၅၀-၆၀ ရောင်းပြီးပြီ။ ဒါပေမယ့် သွင်းရမယ့်ငွေကို သတ်မှတ်ထားတဲ့ကာလအတွင်းမှာ သွားမသွင်းဘဲ တနည်းအားဖြင့် နိုင်ငံခြားကို ပြန်လွှဲရမယ့်ငွေကို ဘဏ်ကိုသွားပြီး LC(Letter of Credit)/TT(Telegraphic Transfer) မလွှတ်တာကို သွားတွေ့ရတယ်။ အဲဒါတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကို ခေါ်သတိပေးပါတယ်။ သတ်မှတ်ချက်တွေနဲ့လုပ်ဖို့ သတိပေးပါတယ်။ ခေါ်သတိပေးတဲ့အဆင့်လွန်သွားရင်တော့ ကားတင်သွင်းခွင့်တို့ သူ့ရဲ့လုပ်ငန်းကို ကာလတခုအထိအောင် ခေတ္တရပ်ဆိုင်းထားတာတို့၊ ဒီလိုအရေးယူတာမျိုးလေးတွေအထိ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီသဘောပါ။”

ရန်ကုန်ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ပေါက်တွေကတဆင့် တင်သွင်းလာတဲ့ လိုက်ထရပ်တွေနဲ့ ထရပ်ကားတွေကလည်း မော်ဒယ်နိမ့်တွေ တင်သွင်းလာတာတွေ့ရတယ်ဆိုတာကရော။ အဲအပိုင်းလည်း ရှင်းပြပေးပါ။

“လိုက်ထရပ်ခွင့်ပြုချက်ကိုတော့ ကျနော်တို့ရယ်၊ ကညနရယ်နဲ့ အကောက်ခွန်ဦးစီးဌာနရယ် ဌာနကြီးတွေပါဝင်တဲ့ မော်တော်ယာဉ်တင်သွင်းမှုကော်မတီကနေ ၂၀၀၂ ခုနှစ်အထက်(တနည်းအားဖြင့် လွန်ခဲ့သော ၁၀ နှစ်) က ထုတ်လုပ်သော မော်တော်ကားတွေကို ကျနော်တို့က တင်သွင်းခွင့်ပေးထားပါတယ်။ အခု ၂၀၁၃ ထဲရောက်သွားရင်တော့ Last Model နှစ်က ၂၀၀၃ ဖြစ်သွားတာပေါ့။ လွန်ခဲ့သော ၁၀ နှစ်က ထုတ်လုပ်တဲ့မော်တော်ယာဉ်ထိ ပေးထားပြီးတော့ ဒီထဲမှာကြိုက်သလို တင်သွင်းခွင့်ပေးထားတယ်။ ဒါပေမယ့် တချို့တွေက လွန်ခဲ့သော ၁၀ နှစ်မဟုတ်ဘဲ၊ လွန်ခဲ့သော ၁၃ နှစ်၊ ၁၅ နှစ်.ခွင့်ပြုထားတဲ့ မော်ဒယ်တွေထက် နိမ့်တဲ့ ကားတွေတင်သွင်းလာတယ်ဆိုပြီး ကညနကနေ တရားဝင်စာ ကျနော်တို့ဆီ တက်လာတယ်။ မူလလိုင်စင်မှာခွင့်ပြုလိုက်တာသည် ၂၀၀၂ ဖြစ်နေရင် သွင်းလာသည့် မော်တော်ယာဉ်သည်လည်း ၂၀၀၂ ပဲဖြစ်ရပါမယ်။ ကွဲလွဲလာရင်တော့ ကွဲလွဲမှုတွေအပေါ်မှာ အကောက်ခွန်ဦးစီးဌာနနဲ့ ကညနလုပ်ထုံးလုပ်နည်းတွေအရ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက် အရေးယူပါဆိုတဲ့ အကြောင်းပြန်ချက်ကို တရားဝင် ပြန်ပေးထားပါတယ်။”

အခု မမှန်မကန်လုပ်နေတာ ကုမ္ပဏီ ဘယ်နှခုလောက်က လုပ်နေတာပါလဲ။

“ကျနော်တို့ consignment နဲ့ ကားတင်သွင်းခွင့်ပေးထားတာ အားလုံးပေါင်း ၁၂၀ နီးပါး ရှိပါပြီ။ အဲထဲက လက်ရှိ ၃ ခုလောက်ကိုတော့ စိစစ်တွေ့ရပါတယ်။”

အများပြည်သူလည်းသိရအောင် အခုလောလောဆယ် ကျနော်တို့နိုင်ငံထဲကို ဘယ်လို ကားအမျိုးအစားတွေ တင်သွင်းခွင့်ပြုထားလဲ သိပါရစေ။

“တဦးချင်းတင်သွင်းမှုအနေနဲ့ဆိုရင်တော့ လက်ရှိခုနှစ်ကနေ လွန်ခဲ့သော ၅ နှစ်အတွင်း ထုတ်လုပ်သော မော်တော်ယာဉ်များ၊ ဒါတွေက ဆလွန်းတို့ ၀က်ဂွန်တို့ကို ဆိုလိုတာပါ။ လိုက်ထရပ်တွေ၊ ထရပ်တွေနဲ့ ပတ်သက်ရင်တော့ လွန်ခဲ့သော ၁၀ နှစ်အတွင်း ထုတ်လုပ်သော မော်တော်ယာဉ်များ၊ ဘတ်စ်ကားတွေနဲ့ပတ်သက်ရင် လွန်ခဲ့သော ၁၀ နှစ်၊ အိတ်စ်ပရက်နဲ့ ပတ်သက်ရင်တော့ လွန်ခဲ့သော ၇ နှစ်၊ ကုန်တင်ကားနဲ့ပတ်သက်ရင်လည်း လွန်ခဲ့သော ၇ နှစ်။ ဒါတွေကို ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာတင်သွင်းခွင့်ပေးထားပါတယ်။”

ကားတင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ကုမ္ပဏီတွေအနေနဲ့ ဖြစ်ဖြစ် အများပြည်သူအနေနဲ့ဖြစ်ဖြစ် သိသင့်သိထိုက်တာတွေကို ဖြည့်စွက်ပြောကြားပေးပါ။

“မူလရည်ရွယ်ချက်ကိုက ကျနော်တို့နိုင်ငံမှာရှိတဲ့ အများပြည်သူတွေကို လွယ်လင့်တကူ မော်တော်ကားတွေ ၀ယ်လို့ရအောင်ဆိုပြီး မော်တော်ကား Show Room တွေနဲ့ ကားတင်သွင်းမှုစနစ်တွေကို အကောင်အထည်ဖော်ပေးတာဖြစ်ပါတယ်။ အကောင်အထည်ဖော်ပေးတဲ့အတွက် မှန်မှန်ကန်ကန်လုပ်တဲ့ ကုမ္ပဏီတွေအတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးရရှိသလို မော်တော်ကားဝယ်တဲ့ အများပြည်သူတွေအတွက် ထိုက်သင့်တဲ့ ရလဒ်ကောင်းတွေထွက်ပါတယ်။ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတာ အနည်းအကျဉ်းတွေ့ရင်လည်း ကျနော်တို့က ဒီလူတွေကို အများစုကုမ္ပဏီတွေနည်းတူ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် ပညာပေးစည်းရုံးပြီး ဒီလိုပဲလက်တွဲခေါ်သွားရမယ့် သဘောဖြစ်ပါတယ်။”


Viewing all articles
Browse latest Browse all 36043