ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိခဲ့တဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေက ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု တွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းမယ်လို့ ပြင်သစ်အစိုးရရှေ့နေတွေက ဧပြီ ၂၉ ရက်နေ့က ပြောဆိုပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ပြင်သစ်တပ်ဖွဲ့ဝင် ၁၆၀၀ လောက် စေလွှတ်ခဲ့တာပါ။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၄ ခုနှစ် ဇွန်လကြားမှာ အခုလို ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီး အသက် ၉ နှစ်အရွယ် ကလေးတွေတောင် ပါဝင်တယ်လို့ ဂါးဒီယန်းသတင်းစာမှာ ဖော်ပြပါတယ်။
သတင်းစာတိုက်ကို ဒီသတင်း ပေးခဲ့တဲ့ ကုလသမဂ္ဂ၀န်ထမ်းဟာ တာဝန်က ရပ်ဆိုင်းခံလိုက်ရတယ်လို့ သတင်းက ဆိုပါတယ်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရက ဒီကိစ္စကို အလေးအနက်ထား စုံစမ်းမှာ ဖြစ်ပြီး ပြစ်မှုကျူလွန်ကြောင်းတွေ့ရှိခဲ့ရင် တာဝန်ရှိသူတွေကို အပြင်းအထန်အရေးယူမယ်လို့ ပြောဆိုပါတယ်။
ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ လူမျိုးရေးနဲ့ဘာသာရေးပဋိပက္ခတွေကြောင့် ထောင်သောင်းချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရပြီး မျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့တာပါ။
၂၀၁၄ စက်တင်ဘာမှာ ပြင်သစ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးတာဝန်ကို ကုလသမဂ္ဂက လွှဲပြောင်းတာဝန်ယူခဲ့ပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အင်အားကိုလည်း တိုးချဲ့ခဲ့ပါတယ်။
The post ကလေးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြင်သစ်တပ်ကို စုံစမ်းမည် appeared first on DVB.